NDIS in Burmese

NDIS ပြုပြင်တိုးမြှင့်မှုများ

NDIS ဝန်ဆောင်လုပ်ငန်းများ ဆောင်ရွက်သည့် နည်းလမ်းကိုပြုပြင်တိုးမြှင့်ပေးလျက်ရှိပါသည်။

အောက်ပါတို့တွင် ပြောင်းလဲချက်အချို့ရှိပါသည်-

  • NDIS လျှောက်ထားနည်း
  • သင့်အစီအစဥ် ရေးဆွဲနည်း
  • သင့်အစီအစဥ်တွင် ပြောင်းလဲချက်များထည့်သွင်းနည်း
  • သင့်အစီအစဥ်တွင် ဝန်ဆောင်မှုလုပ်ငန်းဌာနများကို မှတ်တမ်းတင်နည်း။

ကျွန်ုပ်တို့သည် NDIS ၏ စည်းမျဥ်းများ သို့မဟုတ် ဆောင်ရွက်ပုံနည်းလမ်းကို ပြောင်းလဲခြင်း မဟုတ်ပါ။ NDIS အရ ကျွန်ုပ်တို့ ဆုံးဖြတ်ချက် ချမှတ်ပုံနှင့် ရန်ပုံငွေ ထောက်ပံ့နိုင်ပုံများကို ပြောင်းလဲမှု မရှိပါ။

ယခုနှင့် နောင်အခါ သုံးစွဲသူများအား ပိုမိုကောင်းမွန်သောရလဒ်များကို ပို့ချပေးနိုင်စေရန် ကျွန်ုပ်တို့သည် ကွန်ပျူတာစနစ်သစ်တစ်ခုကို ရေးဆွဲ၍ ကျွန်ုပ်တို့ လုပ်ကိုင်သည့်နည်းလမ်းကို ပိုမိုကောင်းမွန်အောင်လုပ်ခဲ့ပါသည်။ ကျွန်ုပ်တို့သည် ကွန်ပျူတာ စနစ်သစ် အသုံးပြု၍ လုပ်ငန်းစဉ်တိုးမြှင့်မှုများကို သြစတြေးလျနိုင်ငံတစ်ဝန်း စတင်လုပ်နေပြီဖြစ်ပါသည်။

လျှောက်ထားသူများ၊ သုံးစွဲသူများ သို့မဟုတ် ၎င်းတို့၏ပံ့ပိုးသူများသည် လက်ရှိ၌ မည်သည့်အရာမျှ လုပ်ရန် မလိုပါ။ သင့် NDIS လမ်းကြောင်းနောက်ထပ်အဆင့်သို့ ရောက်ရှိချိန်တွင် သင်လိုအပ်သော ပံ့ပိုးကူညီမှုနှင့် သတင်းအချက်အလက် ရရှိစေရန်သေချာအောင် ကျွန်ုပ်တို့ သင်နှင့်အတူ လုပ်ကိုင်ပါမည်။

အတူတကွ လုပ်ကိုင်သည့်အခါတိုင်း မည်သည့်ကွန်ပျူတာစနစ်တွင် သင့်အစီအစဉ် ‌ရောက်ရှိနေသည်ကို သင့်အား ကျွန်ုပ်တို့ ပြောပြပါမည်။ သို့မှသာ နောက်ဘာဖြစ်လာမည်ကို သင်သိရှိစေနိုင်ပြီး ဤအကြောင်းကို ကူညီပံ့ပိုးသူများနှင့် ဝန်ဆောင်မှုပေးသည့်လုပ်ငန်းများ ကဲ့သို့သော အရေးပါသူများသို့ သင် ဝေမျှပြောဆိုနိုင်ပါမည်။

ကျွန်ုပ်တို့၏ ပြုပြင်တိုးမြှင့်မှုများကို ကျွန်ုပ်တို့၏ ဝက်ဘ်ဆိုက် တွင် သင် ဖတ်ရှုနိုင်ပါသည်။

ဆက်သွယ်မှုများ ပြုလုပ်ခြင်း

NDIS သည် မသန်စွမ်းသူများကို NDIS သုံးစွဲသူ မဟုတ်သည့်တိုင် ပံ့ပိုးကူညီပေးနိုင်ပါသည်။

သင် အသက် ၉ နှစ်မှ ၆၄ နှစ်အရွယ်ဖြစ်ပါက သင့်အား လူထုဝန်ဆောင်မှုလုပ်ငန်းများနှင့် ပံ့ပိုးကူညီမှုများဆီသို့ ဆက်သွယ်ပေးနိုင်ပါသည်။ ၎င်းကို လူထုဝန်းကျင်အဆက်အသွယ်များဟု ခေါ်ပါသည်။

အကယ်၍ အသက် ၉ နှစ်အောက်ကလေးအတွက် ပံ့ပိုးကူညီမှုလိုအပ်ပါက စောစော အဆက်အသွယ်များ လုပ်ပေးနိုင်သည်။ အကယ်၍ အသက် ၆၅ နှစ်နှင့်အထက်အရွယ် ဖြစ်ပါက ကျွန်ုပ်တို့ သင့်အား ကူညီပံ့ပိုးပေးနိုင်သည့် သက်ကြီးစောင့်ရှောက်ရေး ဝန်ဆောင်လုပ်ငန်းများနှင့်ပတ်သက်သည့် သတင်းများ ပေးနိုင်ပါသည်။

လူထုဝန်းကျင်အဆက်အသွယ်များ သို့မဟုတ် စောစော အဆက်အသွယ်များကို ရယူရန်အတွက် -

  • NDIS ရုံး မှ တစ်ဦးဦးနှင့် စကားပြောပါ။ 
  • ၁၈၀၀ ၈၀၀ ၁၁၀ သို့ ဖုန်းခေါ်ပါ။ 
  • ဘာသာပြန်နှင့်စကားပြန် ဌာန ၁၃၁ ၄၅၀ သို့ ဖုန်းခေါ်၍ NDIS နှင့် စကားပြောလိုသည်ဟု ပြောပါ။

ပိုမိုသိရှိရန် အဆက်အသွယ်များ ပြုလုပ်ခြင်း တွင် ဖတ်ရှုပါ။

NDIS လျှောက်ထားခြင်း 

NDIS လျှောက်နည်း ပြောင်းလဲပါမည်။ 

သင် NDIS ရနိုင်ပါက NDIS လျှောက်ရန် ကျွန်ုပ်တို့ ကူညီပါမည်။  

NDIS လျှောက်ရန် “my NDIS contact” လိုအပ်ပါမည်။ "my NDIS contact" သည် သင်နှင့်သင့်မိသားစုအတွက် NDIS၏ အဓိကအဆက်အသွယ် ဖြစ်ပါသည်။  

၎င်းတို့သည် - 

  • NDIS သတင်းအချက်အလက်များ ပေးပါမည်။ 
  • ရနိုင်သောပံ့ပိုးကူညီမှုများကို သင် နားလည်စေရန် ကူညီပေးပါမည်။ 
  • NDIS လျှောက်ရန် သင့်အား ကူညီပံ့ပိုးပေးပါမည်။ 

သင်၏ "my NDIS contact" သည် NDISနှင့် ပူးတွဲလုပ်ဆောင်သူ သို့မဟုတ် နိုင်ငံလုံးဆိုင်ရာ မသန်စွမ်း အာမခံ အေဂျင်စီ (National Disability Insurance Agency (NDIA)) ဝန်ထမ်းတစ်ဦး ဖြစ်နိုင်သည်။  

NDISနှင့် ပူးတွဲလုပ်ဆောင်သူများမှာ- 

  • အသက် ၉ နှစ်အောက် ကလေးများကို ကူညီသည့် အစောပိုင်းကလေးအရွယ် (Early childhood) ပူးတွဲလုပ်ဆောင်သူများ။  
  • အသက် ၉ နှစ်မှ ၆၄ နှစ်အရွယ် မသန်စွမ်းသူများကို ကူညီသည့် ဒေသတွင်း ညှိနှိုင်းဆောင်ရွက်ပေးသူများ။ 

အောက်ပါအခြေအနေများတွင် သင်၏ "my NDIS contact"သည် NDIA ရှိ ပုဂ္ဂိုလ်တစ်ဦး ဖြစ်ပါမည်- 

  • သင် သြစတြေးလျ နယ်စွန်ဒေသတွင် နေထိုင်လျှင်။ 
  • သင့်တွင် ရှုပ်ထွေးသည့် ပံ့ပိုးမှု လိုအပ်ချက်များရှိလျှင်။ 
  • သင် သက်ကြီးစောင့်ရှောက်ရေးဂေဟာနေ ပိုငယ်သူတစ်ဦးဖြစ်လျှင်။ 
  • ဆေးရုံတွင် သို့မဟုတ် တရားရုံးအစီအမံအနေအထားအရ နေထိုင်ရလျှင်။ 

သင် NDIS လျှောက်ထားပြီးနောက် ၂၁ ရက်အတွင်း ဆုံးဖြတ်ချက်ကို အကြောင်းကြားရန်သင့်ကို ကျွန်ုပ်တို့ ဆက်သွယ်ပါမည်။ သင့်အား ‌နောက်ထပ်အကြောင်းအချက်အလက်များ မေးမြန်းနိုင်သည်။ 

အကယ်၍ သင် ရခွင့်ရှိပါက သင်သည်NDIS သုံးစွဲသူတစ်ဦး ဖြစ်လာပါမည်။ သင်၏ ပထမဦးဆုံး NDIS အစီအစဉ်ကို ရေးဆွဲရန် သင့်လျှောက်လွှာပါ အချက်အလက်များကို ကျွန်ုပ်တို့ အသုံးပြုပါမည်။ 

အကယ်၍ သင် ရခွင့်မရှိပါက မည်သည့်အတွက်ကြောင့် မရနိုင်ကြောင်း ကျွန်ုပ်တို့ ရှင်းပြပါမည်။ သင်၏ NDIS ပူးတွဲဆောင်ရွက်သူသည် သင့်အား လူထုဝန်းကျင်အတွင်းရှိ ကူညီပံ့ပိုးမှုများနှင့် ဆက်သွယ်ပေးရန် ကူညီပါမည်။ 

လူထုဝန်းကျင်အတွင်းရှိ ဝန်ဆောင်မှုလုပ်ငန်းများနှင့် ကူညီပံ့ပိုးမှုများသို့ ဆက်သွယ်ရန် သို့မဟုတ် NDIS လျှောက်ထားရန် သင်လုပ်နိုင်သည်မှာ-  

  • NDIS ရုံး မှ တစ်ဦးဦးနှင့် စကားပြောပါ။ 
  • ၁၈၀၀ ၈၀၀ ၁၁၀ သို့ ဖုန်းခေါ်ပါ။ 
  • ဘာသာပြန်နှင့်စကားပြန် ဌာန ၁၃၁ ၄၅၀ သို့ ဖုန်းခေါ်၍ NDIS နှင့် စကားပြောလိုသည်ဟု ပြောပါ။ 

ပိုမိုသိရှိရန် NDIS လျှောက်ထားခြင်း တွင် ဖတ်ရှုပါ။

သင့်အစီအစဉ်ကို ရေးဆွဲခြင်း

သင် NDIS သုံးစွဲသူဖြစ်လာသောအခါ NDIS အစီအစဉ်တစ်ခုကို ရပါမည်။ 

NDIS အစီအစဉ်တစ်ခုဆိုသည်မှာ စာရွက်စာတမ်းတစ်ခုဖြစ်ပြီး ၎င်းတွင် ပါရှိသည့် အချက်အလက်များမှာ-  

  • သင်နှင့်သင်၏ ရည်မှန်းချက်ပန်းတိုင်များ။  
  • သင် လိုအပ်သည့် ပံ့ပိုးကူညီမှုများ။ 
  • NDIS က ငွေပေးချေမည့် ပံ့ပိုးကူညီမှုများ။ 

သင့်အစီအစဥ်ကို ပြုလုပ်မည့် NDIA အစီအစဉ်ရေးဆွဲသူနှင့်တွေ့ဆုံရန်အတွက် အစီအစဉ်ဆွေးနွေးပွဲ သို့ သင့်အား ဖိတ်ခေါ်ပါမည်။ 

NDIA အစီအစဥ်ရေးဆွဲသူသည် အောက်ပါပုဂ္ဂိုလ် တစ်ဦးဦးဖြစ်နိုင်သည်- 

  • NDIA ၌ အလုပ်လုပ်သူ။ 
  • NDIS အစီအစဥ်သစ်များ ရေးဆွဲသူ။ 
  • NDIS အစီအစဥ်များ ပြောင်းလဲပေးသူ။ 
  • NDIS အစီအစဥ် ရသုံးငွေစာရင်းကို စီစဥ်သူ။

အစီအစဥ်ဆွေးနွေးပွဲ၌ NDIA အစီအစဥ်ရေးဆွဲသူသည် သင့်အား အောက်ပါအကြောင်းတို့ကို ရှင်းပြပါမည်- 

  • သင်၏ အစီအစဥ် ရသုံးငွေစာရင်း နှင့် ပံ့ပိုးကူညီမှုများ။ 
  • သင့်အစီအစဥ်အတွက် ဆုံးဖြတ်ချက်များ။ 
  • သင့်အစီအစဥ်ကို သင် စီမံခန့်ခွဲလိုသည့်နည်း။ 
  • သင့်အစီအစဥ်အတွက် ဝန်ဆောင်မှုလုပ်ငန်းဌာနများကို မှတ်တမ်းတင်ခြင်း။ 
  • သင့်အစီအစဥ် လိုအပ်မှုအပေါ် သင် ထင်မြင်သည့် ပြောင်းလဲချက် တစ်စုံတစ်ရာ။ 

သင်၏ NDIS အစီအစဥ် မိတ္တူကို သင့်ထံ ကျွန်ုပ်တို့ ပို့ပေးပါမည်။ သင့်အစီအစဥ်ကိုကြည့်ရှုရန် သင်၏ "my NDIS participant portal" နှင့် "my NDIS app" ကို သုံးနိုင်ပါသည်။

အကယ်၍ ကွန်ပျူတာစနစ်သစ်တွင် သင့်အစီအစဥ် မရှိပါက ပေးချေငွေတောင်းခံရန် သင် "myplace participant portal" ကို ဆက်လက် အသုံးပြုသင့်သည်။ 

  သင်၏ "my NDIS contact" သည် အောက်ပါကိစ္စများအတွက် စကားပြောဆိုရန် အကောင်းဆုံးပုဂ္ဂိုလ် ဖြစ်ပါသည်- 

  • သင့်တွင် မေးရန်မေးခွန်းများ ရှိလျှင်။ 
  • သင် NDIS နှင့်ဆက်သွယ်သည့်အခါ အကူအညီလိုအပ်လျှင်။ 

၎င်းတို့၏ ဆက်သွယ်ရမည့် ဖုန်းနံပါတ်များ သင့်အစီအစဥ်တွင် ရှိပါသည်။ 

အကယ်၍ ညှိနှိုင်းဆောင်ရွက်ပေးမည့် ဝန်ဆောင်မှုလုပ်ငန်းများ သို့မဟုတ် ပြန်လည်ကောင်းမွန်လာရေး နည်းပြ ဝန်ဆောင်မှုလုပ်ငန်းများအတွက် သင့် အစီအစဉ်တွင် ရန်ပုံငွေရှိပါက အသုံးပြုရန် အောက်ပါပုဂ္ဂိုလ်ထံမှ အကူအညီ ရနိုင်သည်-

  • ပံ့ပိုးကူညီမည့် ညှိနှိုင်းဆောင်ရွက်ပေးသူ (Support coordinator) – သင့်အစီအစဥ်ဖြင့် သင့်ပံ့ပိုးကူညီမှုများ အသုံးပြုရန် ကူညီပေးမည့်သူ။  
  • ပြန်လည်ကောင်းမွန်လာရေး နည်းပြ (Recovery coach) – သင့်စိတ်ကျန်းမာရေးကို ပံ့ပိုးပေးသူ။

သင့် NDIS အစီအစဥ်ကို ရရှိပြီးနောက်၊ သင့်အစီအစဥ်ကိုအသုံးပြုနိုင်ရန် သင်၏ "my NDIS contact" သည် အစီအစဥ်အကောင်အထည်ဖော်ရေး ဆွေးနွေးပွဲကို စီစဥ်ပါမည်။

သင်၏ "my NDIS contact" သည် သင့်အစီအစဥ်အခြေအနေအကြောင်း မေးမြန်းရန် တစ်နှစ် တစ်ကြိမ် သင်နှင့် တွေ့ဆုံပါမည်

ပိုမိုသိရှိရန် ကျွန်ုပ်တို့ ဝက်ဘ်ဆိုက်ရှိ သင့်အစီအစဥ်ကို နားလည်ပါ (understand your plan) နှင့် သင့်အစီအစဥ်ကို အသုံးပြုခြင်း (using your plan) အပိုင်းများကို ဖတ်ရှုပါ။ 

သင့်အစီအစဥ်ကို ပြောင်းလဲခြင်း

ပိုမိုသော၊ လျှော့နည်းသော သို့မဟုတ် မတူညီသော ပံ့ပိုးကူညီမှုများ ဖြစ်စေမည့် သင့်ဘဝပြောင်းလဲချက်များ ရှိပါက သင့်အစီအစဥ်ကို ပြောင်းလဲပေးရန် အချိန်မရွေး သင် တောင်းဆိုနိုင်သည်။

သင့်အစီအစဥ်ကို ပြောင်းလဲရန် နည်းနှစ်မျိုးရှိသည် - အစီအစဥ်ပြောင်းလဲခြင်း သို့မဟုတ် အစီအစဥ် ပြန်စိစစ်ခြင်းတို့ ဖြစ်ပါသည်။

အစီအစဥ် ပြောင်းလဲခြင်းမှာ သင့်လက်ရှိ အစီအစဥ်ကို အနည်းအကျဥ်း ပြောင်းလဲခြင်းဖြစ်သည်။ အစီအစဥ် ပြန်စိစစ်ခြင်းမှာ သင့်အစီအစဥ်ကို အစီအစဥ်သစ်ဖြင့် အစားထိုးခြင်းဖြစ်သည်။ 

သင်၏ "my NDIS contact, support coordinator” သို့မဟုတ် “recovery coach" သည် သင့်အစီအစဥ်ကို ပြောင်းလဲရန် ဆုံးဖြတ်ခြင်းအတွက် လိုအပ်သည့် အကြောင်းအချက်အလက်နှင့် အထောက်အထားကို ရှင်းပြပေးနိုင်ပါသည်။

ပိုမိုသိရှိရန် သင့်အစီအစဥ် ပြောင်းလဲခြင်း (changing your plan) တွင် ဖတ်ရှုပါ။

ဝန်ဆောင်မှုလုပ်ငန်းဌာနများ (My providers) 

သင်၏ NDIS အစီအစဥ်သစ်တွင် ဝန်ဆောင်မှုရက်ချိန်းများ ရှိမည် မဟုတ်ပါ။

အကယ်၍ သင့်အစီအစဥ်တွင် NDIAစီမံခန့်ခွဲသည့် ရန်ပုံငွေ (NDIA-managed funding) ၊ မသန်စွမ်းသူ သီးသန့် အိမ်ရာချပေးရေး (specialist disability accommodation)၊ အိမ်ယာနှင့် နေ့စဉ် နေထိုင်ရေး ပံ့ပိုးကူညီမှုများ (home and living supports) သို့မဟုတ် အပြုအမူဆိုင်ရာ ပြုပြင်ရေးကူညီမှုများ (behaviour supports) ပါဝင်ပါက သင့်ပံ့ပိုးကူညီမှုများကို မည်သည့် ဝန်ဆောင်မှုပေးသည့်ဌာနများက ဆောင်ရွက်ပေးကြောင်း သင် ပြောပြရန် လိုအပ်ပါသည် သို့မှသာ ကျွန်ုပ်တို့ ၎င်းတို့ကို သင့်အစီအစဥ်တွင် မှတ်တမ်းတင်ထားပေးနိုင်မည်ဖြစ်သည်။ 

သင့်အစီအစဥ်၌ မှတ်တမ်းတင်ထားသော ဝန်ဆောင်မှုဆောင်ရွက်ပေးသည့်ဌာနများကို “my providers”ဟု ကျွန်ုပ်တို့ ခေါ်ပါသည်။ သင့်အစီအစဥ်ရှိ ဤဝန်ဆောင်မှုဆောင်ရွက်ပေးသည့် ဌာနများသည် ၎င်းတို့ ဝန်ဆောင်မှုဆောင်ရွက်ပေးသည့်အခါ သင်၏ NDIS အစီအစဥ်မှ ငွေတောင်းခံနိုင်သည်။

သင့်အစီအစဥ်၌ ဝန်ဆောင်မှုဆောင်ရွက်ပေးသည့်ဌာနများကို မှတ်တမ်းတင်ထားခြင်းသည် ၎င်းတို့အား ငွေပေးချေခြင်းမပြုမီ သင်နှင့်စစ်ဆေးရန် မလိုတော့ပါဟု ဆိုလိုပါသည်။

သင့်အနေဖြင့် ဝန်ဆောင်မှုဆောင်ရွက်ပေးသည့်ဌာနများကို အချိန်မရွေး ဖြည့်စွက်ပြင်ဆင်နိုင်သည် သို့မဟုတ် ပြောင်းလဲလိုက်နိုင်သည်။

ပိုမိုသိရှိရန် ကျွန်ုပ်၏ ဝန်ဆောင်မှုဆောင်ရွက်ပေးသူများ (my providers) တွင် ဖတ်ရှုပါ။

NDIS ကို ဆက်သွယ်ခြင်း

ဘာသာပြန် သို့မဟုတ် စကားပြန် အခမဲ့ရရှိရန် ဖုန်း ၁၃၁ ၄၅၀ ကိုဖုန်းခေါ်၍ NDISနှင့် စကားပြောလိုသည်ဟု ပြောပါ။

သင်၏ "my NDIS contact" သည် သင်နှင့် တွေ့သည့်အခါ သို့မဟုတ် စကားပြောသည့် အခါတွင်လည်း စကားပြန်ကို စီစဥ်ပေးနိုင်ပါသည်။

သင်၏ ဝန်ဆောင်မှုဆောင်ရွက်ပေးသည့်ဌာနသည် သင်နှင့်တွေ့သည့်အခါ သို့မဟုတ် စကားပြောသည့် အခါတွင်လည်း စကားပြန်ကို စီစဥ်ပေးနိုင်ပါသည်။ 

သင့် NDIS ရုံးသို့သွားသည့်အခါလည်း စကားပြန်နှင့် စကားပြောလိုကြောင်း တောင်းဆိုနိုင်သည်။ သင်နှင့် အနီးဆုံး NDIS ရုံးကို NDIS ဝက်ဘ်ဆိုက် တွင် တွေ့ရှိနိုင်ပါသည်။

အလွယ်ဖတ်ရန် 

NDIS အကြောင်းအချက်အလက်များကို အလွယ်ဖတ်ရန်အတွက်လည်း ဘာသာပြန် ထားပါသည်။ အင်္ဂလိပ်စာဖြင့်ဖတ်ရန် ခက်ခဲသူများအပါအဝင် လူအများအပြားသည် အလွယ်ဖတ်ရန်ပါ အကြောင်းအရာမှာ အသုံးဝင်ကြောင်း တွေ့ရှိကြပါသည်။   

အလွယ်ဖတ်ရန်ပါ အကြောင်းအရာကို ဖတ်ရှုနိုင်ရန် NDISရှိ စာစောင်များနှင့် အချက်အလက်စာရွက်များ စာမျက်နှာသို့ သွားပါ။ 

NDIS ပြုပြင်တိုးမြှင့်မှုများ (DOCX 636KB) 

NDIS ပြုပြင်တိုးမြှင့်မှုများ (PDF 450KB) 

အချက်အလက်စုဆောင်းရေးအဆင့် အကျဉ်းချုပ် (DOCX 64KB)

အချက်အလက်စုဆောင်းရေးအဆင့် အကျဉ်းချုပ် (PDF 303KB)

ယဉ်ကျေးမှုနှင့် ဘာသာစကားကွဲပြားမှု စီမံကိန်း

ကျွန်တော်တို့သည် ယဉ်ကျေးမှုနှင့် ဘာသာကွဲ (CALD) စီမံကိန်း ၂၀၂၄-၂၀၂၈ (စီမံကိန်း)ကို စီစဉ်၍ ပူးတွဲ-ပုံစံပြု ရေးဆွဲထားပါသည်။

ပူးတွဲ-ပုံစံဆိုသည်မှာ ပါဝင်သုံးစွဲသူများ၊ မိတ်ဆွေများ၊ မိသားစုများ၊ စောင့်ရှောက်သူများ၊ NDIS ဝန်ထမ်းများနှင့် မသန်စွမ်းသူအသိုင်းအဝိုင်းတို့နှင့်အတူ ပူးပေါင်းလုပ်ကိုင်ပြီး လေ့လာသင်ယူခဲ့ပါသည်။

ကျွန်တော်တို့သည် ယဥ်ကျေးမှုနှင့်ဘာသာကွဲ နောက်ခံများမှ လူ ၈၀၀ ကျော်နှင့် ဤစီမံကိန်းကို ပူးတွဲ-ပုံစံပြု ရေးဆွဲခဲ့သည်။

၎င်းသည် NDIS ကို တိုးမြှင့်ဆောင်ရွက်ပေးရန် ကျွန်တော်တို့ လုပ်ဆောင်မည့်တာဝန်ဖြစ်သောကြောင့် ကျွန်တော်တို့အနေဖြင့် ပါဝင်သုံးစွဲသူအားလုံး၏ ယဉ်ကျေးမှုနှင့် ဘာသာစကားလိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ပါသည်။

ဤစီမံကိန်းကို အကောင်အထည်ဖော်ရာ၌ ကျွန်တော်တို့အား အထောက်အကူစေရန် ကျွန်တော်တို့သည် လုပ်ဆောင်ရန် စီမံချက်တစ်ရပ်ကို တည်ဆောက်ပြီး ပူးတွဲ-ပုံစံ ပြုလုပ်ထားပါသည်။

၎င်းအားဖြင့် ဤစီမံကိန်းကို အကောင်အထည်ဖော်ဆောင်ရွက်ရန် ကျွန်တော်တို့လုပ်ဆောင်ရမည့် အဆင့်အမျိုးမျိုးကို ဖော်ပြထားပါသည်။ အကောင်ထည်ဖော်လုပ်ရမည့် လုပ်ဆောင်ချက် ၂၈ ခု ရှိပါသည်။

ယဥ်ကျေးမှုနှင့်ဘာသာကွဲ စီမံကိန်း အကျဉ်းချုပ်ကို ဒေါင်းလုဒ်ဆွဲယူပါ-

ယဥ်ကျေးမှုနှင့်ဘာသာကွဲ စီမံကိန်း အကျဉ်းချုပ်နှင့် လုပ်ဆောင်ရန် စီမံချက် အလွယ်ဖတ်ကို ဒေါင်းလုဒ်ဆွဲယူပါ-

ယဥ်ကျေးမှုနှင့်ဘာသာကွဲ စီမံကိန်းနှင့် လုပ်ဆောင်ရန် စီမံချက် အပြည့်အစုံကို ဒေါင်းလုဒ်ဆွဲယူပါ-

Contact us accessibility services

Translating and interpreting

For a free-of-charge translator or interpreter phone 131 450

If you have hearing or speech loss

TTY: 1800 555 677
Speak and Listen: 1800 555 727

National relay service

Visit the National Relay Service website or phone 1800 555 727 then ask for 1800 800 110

This page current as of
13 May 2024
Indicates required field
Was this page useful?*
Why?
Why not?